Saturday 28 November 2009

ရွှေကျင်သားလေး ဂျိမ်းလှကျော်

ခရစ်ယာန်ဘာသာဝင်မှ ဗုဒ္ဓဘာသာဖြစ်လာသူ ဂျိမ်းစ်လှကျော်၊ မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်၏ အကြောင်းအရာ အကျဉ်းလေးပါ။ မြန်မာ စာပေလောကတွင် ဂျိမ်းစ်လှကျော်ကို ပထမဆုံး ကာလပေါ် ဝတ္ထုရေးသူအဖြစ် အသိအမှတ်ပြုကြသည်။ ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ ဝတ္ထုမှာ ပြင်သစ်စာရေး ဆရာကြီး အလက်ဇန်းဒါးဒူးမား (Alexander Dumas) ၏ The Count of Monte Christo ဝတ္ထုကို မှီငြမ်းရေးသားခဲ့သော်လည်း မြန်မာမှုပြုရာတွင် လက်ရာမြောက်လှ သဖြင့် မြန်မာ စာဖတ်ပရိတ်သတ်တို့ အလွန်နှစ်သက်ကြ၏။
ဂျိမ်းစ်လှကျော် ဖြစ်လာမည့် မောင်လှကျော်ကို (၂၁) ဇွန်လ (၁၈၆၆)ခုနှစ်တွင် ဦးစွပ်၊ ဒေါ်ဆိုင်းတို့က ရွှေကျင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ သူ့ငယ်စဉ်ကပင် ကွယ်လွန်သွားရာ အဒေါ်ဖြစ်သူ ဒေါ်မျှင်နှင့် ခင်ပွန်းသည် စစ်ကဲကြီး ဦးညိုတို့၏ အစောင့်အရှောက်ဖြင့် ကြီးပြင်းလာခဲ့ရသည်။ စစ်ကဲကြီး ဦးညိုသည် ခရစ်ယာန် ဘာသာဝင် တစ်ဥိးဖြစ်သည်။ မောင်လှကျော်အား ဂျိမ်းစ်လှကျော် အမည်ဖြင့် နှစ်ခြင်း မင်္ဂလာပြု ပေးခဲ့သည်။ ဂျိမ်းစ်လှကျော် သည် ရန်ကုန်ဟိုက်စကူး ကျောင်း၌ ဘင်္ဂလား စာမေးပွဲ အောင်မြင့်ခဲ့သည်။ မောင်ရင်မောင် မမယ်မ ဝတ္ထုဖြင့် နာမည်ကြီးလှသော ဂျိမ်းစ်လှကျော်သည် ယင်းဝတ္ထုထက် ၁ဝ နှစ်ထက်စော၍ ၁၈၉၄ ခုနှစ်ကပင် ဥပဒေစာအုပ်ဖြစ်သော ဖြတ်ထုံးကြီးပြန်ချက် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထို့ပြင် ၁၉၁၂ ခုနှစ်တွင် .. “ရှေ့နေလိုက်လဲမှု နျူပဒေသကျမ်း” စာအုပ်ကိုလည်း ရေးခဲ့သည်။ အင်မတန် နာမည်ကြီးသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာသို့ကူးပြောင်းခြင်း

ဂျိမ်းစ်လှကျော်သည် ရွှေဘိုတွင် နေထိုင်စဉ်က မြို့ရိုးနံဘေးသို့ လမ်းလျှောက်လေ့ရှိ၏။ တစ်နေ့တွင်မြို့ရိုး စနေထောင့်၌ ဘုရားပျက်တစ်ဆူ ချုံနွယ်များ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရ၍ ရှင်းလင်းခုတ်ထွင်ခဲ့သည်။ ထိုသို့ ရှင်းလင်းစဉ် “အောင်ဇေယျ ဇနီးမောင်နှံ ကောင်းမှု” ကမ္ဗည်းကျောက်ပြားကို တွေ့ရှိခဲ့ရာ အလောင်းမင်း တရားကြီး၏ ကုသိုလ်တော်ဟု ယူဆခဲ့သည်။ ဂျိမ်းစ်လှကျော်သည် ငယ်စဉ်ကာလ မိဘများ ကွယ်လွန်စဉ်ကပင် ခရစ်ယာန် ဘာသာဝင်ဖြစ်ခဲ့ရာ .. ၁၉၁၉ ခုနှစ်၌ မြသိန်းတန် ဘုရားခေါ် ယင်းစေတီပျက်အား ပြုပြင်မွမ်းမံ ပေးခဲ့ရာမှ မွန်မြတ်လှသော ဗုဒ္ဓဘာသာ အဖြစ်ကူးပြောင်း ခံယူခဲ့ပါသည်။ သူက “ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်း” အမည်ဖြင့် စာအုပ်ကိုပင် ရေးသား ထုတ်ဝေခဲ့ပါသည်။ တစ်သက်တာလုံး ခရစ်ဘာသာဝင်အဖြစ်မှ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာသော “မြန်မာ ကာလပေါ် ဝတ္ထုကို စတင်သူ ဂျိမ်းစ်လှကျော်” သည် ၁၇ ရက်နေ့ နိုဝင်ဘာလ ၁၉၁၉ ခုနှစ်တွင် အဖျားရောဂါဖြင့် ၊ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါသည်။ ထိုစဉ်က အသက်မှာ ၅၃ နှစ်ဖြစ်ပါသည်။

0 comments:

ဒီဇိုင်း : Free Skin For Myanmar Bloggers